Menu

01.၁။ သတင်းခန်း အစည်းအဝေး

သတင်းစာပညာသည် အခြေခံအားဖြင့် ပူးပေါင်းဆောင်ရွက်မှုပင်ဖြစ်ပါသည်။ သတင်းဖတ်ကြားတင်ဆက်မည့်သူသည် သတင်းထောက်များ မည်သည့် သတင်းများ လိုက်လံရယူ နေသည်ကို သိရှိရန်လိုအပ်သည်။ သတင်းထောက်များ အနေဖြင့် မည်သည့်သတင်းရှုထောင့်သည် တင်ဆက်ရန်သင့်လျော်မည်ကို သိရန်လိုအပ်သည်။ အယ်ဒီတာချုပ်သည် သတင်းခန်းတွင်းရှိ သတင်းထောက်များကို သတင်းရယူရန် စေလွှတ်ခြင်း၊ သတင်းခန်းတွင်းတွင် အလုပ်တာဝန်များ ခွဲဝေချထားခြင်းတို့ကို ပြုလုပ်သည်။ နံနက်ခင်း အစည်းအဝေးတွင် သတင်းခန်းတွင်းရှိ လူတိုင်း ထိုနေ့၏ သတင်းများကို အတူတကွရွေးချယ်ကြသည်။ 

ရေဒီယိုသတင်းဌာနများတွင် နေ့စဥ်ပုံမှန် သတင်းခန်းအစည်းအဝေး သုံးကြိမ်ပြုလုပ်လေ့ရှိသည်။

မနက်ခင်း ပြုလုပ်သည့် သတင်းခန်းအစည်းအဝေးသည် အကြီးဆုံးဖြစ်သည်။ သတင်းတိုများ ထုတ်လွှင့်မှုအပြီး နံနက် ၉ နာရီတွင် တစ်နေ့တာအတွင်း ဆက်လက်ထုတ်လွှင့်သွားမည့် သတင်းများကို ရွေးချယ်ရန်အတွက် ပြုလုပ်ခြင်းဖြစ်သည်။ နောက်ထပ်အစည်းအဝေးတစ်ခုကို မွန်းလွဲပိုင်းအချိန်တွင် အချိန်အခါနှင့်ကိုက်ညီသောသတင်းများပြန်လည်စုစည်းရန်အတွက် ပြုလုပ်သည်။ နောက်ဆုံး အစည်းအဝေးကို ညနေပိုင်းအချိန်၊ နောက်ဆုံးရသတင်းတိုများ ထုတ်လွှင့်မှုအပြီး နှင့် ညပိုင်းအစီအစဥ်များ မစတင်မီပြုလုပ်သည်။ ဤအချိန်အတွင်းတွင် တင်ဆက်ခဲ့သမျှသတင်းများကို ပြန်လည်စုစည်းသုံးသပ်ပြီး နောက်တစ်နေ့မနက်အတွက် ပြင်ဆင်ဖြစ်သည်။

အစည်းဝေးတစ်ခုချင်းစီတွင် အချိန်အကန့်အသတ်ရှိသည်။

အစည်းအဝေးတက်ရောက်သူများသည် တစ်ဦးအပေါ်တစ်ဦးလေးစားမှုရှိပြီး စည်းကမ်းတကျ ဆွေးနွေးရမည်။ သတင်းခန်းအစည်းအဝေးသည် အခန်းကျယ်တစ်ခုအတွင်း လူများစုကာ ပြောချင်သည်များကို ပြောချင်သလို အစီစဥ်မဲ့ပြောဆိုကြခြင်းမဟုတ်ချေ။ သတင်းထောက်များ အလုပ်ဆက်လုပ်နိုင်ရန်နှင့် တင်ဆက်သူလည်း သတင်းများကို အဆင်သင့် ပြင်ဆင်နိုင်ရန် အတွက် ထိုအစည်းအဝေးများသည် ၄၅ မိနစ်မှ တစ်နာရီအတွင်းသာ ကြာလေ့ရှိသည်။

အစည်းအဝေးတစ်ခုကို မည်သို့စီမံခန့်ခွဲသလဲ။

ပထမတစ်နည်းမှာ အာဏာပိုင်စနစ်ဖြစ်သည်။ အယ်ဒီတာချုပ်သည် အဆင်သင့်ဖြစ်ပြီးသား၊ ပြန်လည်ပြင်ဆင်၍ မရနိုင်သော သတင်းများဖြင့် အခန်းတွင်းသို့ ဝင်လာပြီး ရှိနေသူများ အားလုံးကို ဝေပေးလိုက်ခြင်းဖြစ်သည်။ ဒုတိယနည်းလမ်းမှာ ခေတ်သစ် စီမံခန့်ခွဲမှုဖြစ်သည်။ အစည်းအဝေးတွင် သတင်းထောက်များ၏ တင်ဆက်လိုသည့် သတင်းစိတ်ကူး၊ သတင်းအပေါ် အမြင်အမျိုးမျိုးကို တစ်လှည့်စီဆွေးနွေးကြပြီး ချိန်းဆိုပြီးသားတွေ့ဆုံမှု၊ သတင်းထုတ်ပြန်ချက်များ၊ ဆက်လက်စုံစမ်းသတင်းရယူမှုတို့အပေါ်တွင် ညှိနှိုင်းကြသည်။

ဥပမာ – နံနက်ခင်းအစည်းအဝေးတစ်ခု။

နံနက် ၉ နာရီ။ သတင်းသမားများအားလုံး သတင်းခန်းတွင်းသို့ရောက်ရှိပြီး။ အချိန်မှန်ရမည်။

ပထမအဆင့်

မနက်ပိုင်းသတင်းတင်ဆက်သူသည် မနက်ပိုင်းသတင်းထုတ်လွှင့်မှုကို အသေအချာ ခွဲခြမ်းစိတ်ဖြာ သုံးသပ်ရန်အတွက် ပထမဦးစွာစပြောခွင့်ရသည်။ သတင်းများအပေါ် စိတ်ကျေနပ်မှုရှိပါသလား။ မဖြစ်မနေတင်ဆက်ဖို့ ကျန်သွားတဲ့အကြောင်းအရာတွေရှိပါသလား။ ထို့နောက် အယ်ဒီတာချုပ်နှင့် သတင်းသမားများသည် တစ်ဆက်တည်း ပြောဆုိ သုံးသပ်ကြသည်။ မည်သည့် အငြင်းပွါးမှု သို့မဟုတ် အပိုစကားများ မရှိပါက ထိုအရာများအားလုံးသည် ၁၀ မိနစ်အတွင်းပြီးနိုင်သည်။

ဒုတိယအဆင့်

ဝိုင်းဖွဲ့ဆွေးနွေးမှုများ။ ။ တစ်နေ့တာသတင်းများအပေါ်တွင် သတင်းထောက်များ၏ စိတ်ကူးနှင့် ထင်မြင်ချက်များကို စုဆောင်းရန်ဖြစ်သည်။ ထိုသို့ပြုလုပ်ရန်အတွက် ချရေးထားနိုင်သော ကျောက်သင်ပုန်းကြီးတစ်ခု သို့မဟုတ် အားလုံးမြင်နိုင်သည့် စာရွက်ကြီးများရှိလျှင်အကောင်းဆုံး ဖြစ်သည်။ ထိုနည်းဖြင့် အားလုံးသည် ဆွေးနွေးမှုဖြစ်စဥ်တစ်လျှောက်ကို မြင်နိုင်သည်။ တစ်နေ့တာအတွက် အစီအစဥ်အကြံပေးချက်များကိုနှိုင်းယှဥ်ပြီး မည်သည်က ဦးစားပေး တင်ဆက်ရန်လိုအပ်သည်နှင့် မည်သည်က အချိန်ခဏစောင့်နိုင်သည်ကို ဆုံးဖြတ်ပါ။ နောက်ဆုံး အဆင့်သည် ဤအစည်းအဝေးတွင် အရှည်ကြာဆုံးအပိုင်းဖြစ်သည်။ သတင်းအဖွဲ့သည် တင်ဆက်ရန်ရွေးချယ်ထားသည့် သတင်းများ၏ ရှုထောင့်ကို ဆွေးနွေးခြင်းဖြစ်သည်။ (အမှန်တကယ်အခြေအနေများ၊ ထုတ်လုပ်မှုများ၊ နောက်ခံစကားပြောများ၊ တွေ့ဆုံမေးမြန်းမှုများ စသည်ဖြင့်) တစ်နေ့တာအတွင်း လုပ်ဆောင်ရမည့်စာရင်းကိုပြုစုပြီး တစ်ဦးချင်းစီမှလည်း မည်သို့ပြုလုပ်မည်ကို ကောင်းမွန်စွာ သဘောပေါက်သွားပြီးပါက တာဝန်များကို စတင်လုပ်ဆောင် နိုင်ပါပြီ။ သတင်းအဖွဲ့၏ စိတ်အားထက်သန်မှုကို သတင်းခန်းတွင်းရှိ ပြောစကားများက ခွန်အား ဖြစ်စေသည်။ နေ့လည်ပိုင်းနှင့် ညနေပိုင်းအစည်းအဝေး နှစ်ခုသည် မည်သည့် သတင်းအချက်အလက်များ ရရှိပြီးပြီ နှင့် မည်သည့် ပြောင်းလဲမှုများရှိသည်ကို ဝိုင်းဖွဲ့၍ ဆွေးနွေးခြင်း ဖြစ်သည်။

By continuing to use this site, you agree to the use of cookies or similar technologies to gauge audience usage and to offer you social networking features, related content and customised advertising.

OK, I understand