Menu

08.၈။ တွေ့ဆုံမေးမြန်းမှုနည်းလမ်းများ။

စတူဒီယိုတွင်းတွင်ဖြစ်စေ၊ သတင်းဖြစ်ရာနေရာတွင်ဖြစ်စေ တွေ့ဆုံမေးမြန်းမှုများကို ရေဒီယို ဌာနတွင်နေ့စဥ်ပြုလုပ်နေသည်။ ရေဒီယိုသတင်းထောက်သည် များနိုင်သမျှလူအများကို ဖြေဆိုစေရသည်။ အဘယ်ကြောင့်ဆိုသော် လူတိုင်းတွင် ပြောစရာစကားရှိပြီး ထိုပြောစကားများသည် သတင်းဖြစ်လာသည်၊ နုိင်ငံရေးသမားများ၊ စီးပွါးရေးသမားများ၊ အနုပညာရှင်များ၊ သာမန်လူများ စသည့်သူများကိုတုံ့ပြန်မှုပြုစေသည်။ ရေဒီယိုသည် လေဟာနယ်သက်သက်မဟုတ်ပဲ နားထောင်သူများနှင့် ထိတွေ့ရသည်။ တွေ့ဆုံမေးမြန်းမှုကို မည်သို့ပြုလုပ်သနည်း။ အောက်ပါတို့မှာ စည်းမျဥ်းအချို့ဖြစ်သည်။

တွေ့ဆုံမေးမြန်းမှုမစမီ

ပထမအဆင့်။ ။ သင်တွေ့ဆုံမည့်သူပြောမည့်အကြောင်းအရာ၊ ထိုပုဂ္ဂိုလ်၏နောက်ခံအကြောင်းကို သိရှိအောင်လုပ်ပါ။

မေးခွန်းများကိုပြင်ဆင်ပါ။ အဓိပ္ပါယ်ရှိစေရန်၊ သင်ကိုယ်တိုင်မှတ်သားရန်နှင့် မေးရန်အတွက် မှတ်စုမှတ်ပါ။

သင့်ကိုယ်သင် မိတ်ဆက်ပါ။ ဖုန်းမှတစ်ဆင့် တွေ့ဆုံရန်ချိန်းဆိုချိန်တွင် သို့မဟုတ် တွေ့ဆုံရန်အတွက် သင်ရောက်သွားသည့်အချိန်တွင် မိတ်ဆက်ပါ။ သင်ဘယ်သူလဲ၊ ဘယ်မှာအလုပ်လုပ်သလဲ၊ တွေ့ဆုံမေးမြန်းပြီးသင်ဘာလုပ်မှာလဲဆိုသည့်အရာများကို ပြောပြပါ။ (တစ်စိတ်တစ်ပိုင်း၊ များသောအားဖြင့်၊ အကုန်လုံး စသည်တို့ကို ထုတ်လွှင့်ပါမည် စသည်ဖြင့်)

သင်၏ဧည့်သည်ကို သက်တောင့်သက်သာဖြစ်အောင်ထားပြီး သင်ရွေးချယ်ထားသောရှုထောင့်နှင့် တင်ဆက်လိုသည့် အကြောင်းအရာကို ပြောပြပါ။

တွေ့ဆုံမေးမြန်းနေစဥ်အတွင်း

အဖွင့်မေးခွန်းများမေးပါ။ ဟုတ်တယ် မဟုတ်ဘူး အဖြေများသာရနိုင်သည့် မေးခွန်းများထက် ဘာကြောင့်လဲ သို့မဟုတ် ဘယ်လိုထင်ပါသလဲ စသည့်မေးခွန်းများ မေးပါ။

တစ်ခါမေးလျှင် မေးခွန်းတစ်ခုသာမေးပါ။ တစ်ခုထက်ပိုသည့်မေးခွန်းများကို တစ်ကြိမ်းတည်းတွင် မေးပါက ဖြေဆိုသူသည် နောက်ဆုံးမေးခွန်းကိုသာ ဖြေကြားလေ့ရှိပြီး ရှေ့မေးခွန်းများကို မေ့သွာတတ်သည်။ သင်ကိုယ်တိုင်လည်း ထိုကဲ့သို့ပင်ဖြစ်တတ်သည်။

မေးခွန်းများမေးပါ၊ သင့်ရပ်တည်ချက်ကို မကြေငြာပါနှင့်။ သင်သည် ထိုနေရာတွင် မည်သည့်နေရာတွင် ရပ်တည်မည်ဟုရွေးချယ်နေခြင်း၊ မိန့်ခွန်းသို့မဟုတ် ထင်မြင်ချက်ပေးနေခြင်း မဟုတ်ပါ။ သင်၏ ပန်းတိုင်မှာ အဖြေကောင်းများရရှိရန်ဖြစ်သည်။ ထိုအဖြေများရရှိရန်အတွက် မေးခွန်းများကို သေချာစွာစဥ်းစားဆုံးဖြတ်ထားရန်လိုအပ်သည်။

အဖြေများကို ဂရုတစိုက်နားထောင်ပါ။ တိကျမှုအတွက်၊ ရှင်းလင်းချက်အတွက် မေးရန်အချိန်ရှိပါသည်။

ဖြေဆိုနေစဥ်အတွင် မည်ကဲ့သို့ ယဥ်ကျေးစွာကြားဖြတ်နိုင်သည်ကိုသိပါ။ နုိင်ငံရေးသမားများသည် သူတို့မျက်နှာမပျက်စေရန်နှင့် မဖြေကြားလိုသည်ကိုရှောင်ရန်အတွက် ထိုကဲ့သို့ပြုလုပ်လေ့ရှိသည်။ သင်လိုချင်သည့်အဖြေကိုရရန်အတွက် သူတို့ကို ညင်သာစွာ ပြန်လည်ခေါ်ဆောင်လာပါ။

ဖြေဆိုသူကို မည်ကဲ့သို့ကူညီနိုင်သည်ကို သိပါ။ အချို့သူများသည် မိုက်ရှေ့တွင် အနည်းငယ်သာ ဖြေကြသည် သို့မဟုတ် ကြောက်ကြသည်။ သူတို့ကိုသက်ေတာင့်သက်သာဖြစ်စေရန်အတွက် သင့်မေးခွန်းကို ပြန်လည်စကားလုံးစီပေးပါ။

အကယ်၍ ဖြေဆိုသူသည် ဖြေဆိုရန်ရှောင်နေပါက သို့မဟုတ် အခြားမေးခွန်းများဖြင့်ဖြေနေပါက သင်၏မေးခွန်းသည် စိတ်အနှောင့်အယှက်ဖြစ်နေစေသည် သို့မဟုတ် ထိခိုက်စော်ကားမိနေ သောကြောင့်ဖြစ်သည်။ နောက်တစ်ကြိမ်စိတ်အေးအေးထားမေးရန် မတွန့်ဆုတ်ပါနှင့်။ သင်သည် တွေ့ဆုံမေးမြန်းမှုကို ဦးဆောင်နေသူဖြစ်သည်။

နည်းလမ်းအချို့

ဖြေဆုိသူဖြေကြားနေသည်ကို စိတ်ပါဝင်စားကြောင်းပြပါ။ သူ့မျက်လုံးကိုကြည့်ပါ၊ ခေါင်းညိမ့်ပြပါ၊ စသည်ဖြင့်

ကြိုတင်ဖြေဆိုထားမှုကို ငြင်းပယ်ပါ။ တစ်ခါတစ်ရံ အချို့သူများသည် အဖြေစာရွက်များကိုင်၍ လာရောက်ဖြေကြားပေးလေ့ရှိသည်။ ထိုသို့ပြုလုပ်ခြင်းသည် ထုတ်လွှင့်မှုကို နားထောင်ရာတွင် အဆင်ပြေခြင်းမရှိနိုင်ကြောင်းနှင့် ထိုကြိုတင်အဖြေများတွင်းတွင် ပျောက်ဆုံးသွားနိုင်ကြောင်း ရှင်းပြပါ။ခေါင်းထဲတွင်ရှိသည့်အဖြေဖြင့်သာ ဖြေကြားပါက ပို၍သဘာဝကျကျကောင်းမွန်မည် ဖြစ်ကြောင်းရှင်းပြပါ။

တွေ့ဆုံမေးမြန်းနေစဥ်အတွင်း သင်မည်သည့်အပိုင်းကို အသုံးပြုနိုင်သည်ကို စဥ်းစားပါ။ တွေ့ဆုံမေးမြန်းမှုကောင်းတစ်ခုသည် အကောင်းဆုံးအပိုင်းများကိုထုတ်နှုတ်ထားခြင်းဖြစ်သည်။ ထွက်ခွါခြင်းမပြုမီ သင်အသံဖမ်းထားသည်များကို စစ်ဆေးပါ၊ တွေ့ဆုံမေးမြန်းမှု၏ အဆုံးသတ်ထိ ပါမပါစစ်ပါ၊ အသံအရည်အသွေးသည် ထုတ်လွှင့်မှုပြုရန်အတွက် ကောင်းမွန်မှုရှိမရှိစစ်ပါ။